Spots news

အယ်လီဂရီအကြိုက် ဒိုင်ဘားလားကို ကာလရှည် စာချုပ်ချုပ်ဆိုမယ့် ဂျူဗင်တပ်စ်

Unicode Version

Goal သတင်းဌာနရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ စာချုပ်သစ်ချုပ်ဆိုရေးအတွက် တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ ထပ်မံဆွေးနွေးဖွယ်ရှိနေပြီး တစ်ကျော့ပြန်နည်းပြ အယ်လီဂရီက အဆိုပါအာဂျင်တီးနားလက်ရွေးစင်ကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒပြင်းပြနေပါတယ်။

၂၀၂၂ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒိုင်ဘားလားဟာ ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပြီး ဂျူဗင်တပ်စ်ဘက်က သူ့ကို အလွတ်နဲ့မဆုံးရှုံးခင် ဒီနွေရာသီအတွင်း ရောင်းချဖွယ်ရှိနေတယ်လို့ သတင်းတွေက သုံးသပ်နေပေမယ့် အယ်လီဂရီက သူ့ကို ဆက်ထိန်းဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

အယ်လီဂရီက ပထမဆုံးလုပ်ဆောင်မှုအဖြစ် အသက် ၂၇ နှစ်အရွယ်ရှိ ဒိုင်ဘားလားကို စာချုပ်သစ်ချုပ်ဆိုလိုနေပြီး ယခုတစ်ပတ်နှောင်းပိုင်းမှာ အသင်းတာဝန်ရှိသူတွေနဲ့ ဒိုင်ဘားလာရဲ့ကိုယ်စားလှယ်တို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်စ်ဟာ ယခုနှစ်အစောပိုင်းက ဒိုင်ဘားလားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားမှုအဆင်မပြေဖြစ်ခဲ့ပေမယ့် အယ်လီဂရီရဲ့လက်အောက်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ဒိုင်ဘားလား ပါဝင်လာနိုင်တဲ့အချက်က စာချုပ်သစ်ချုပ်ဆိုရေးမှာ အဓိကကျလာနိုင်ပါတယ်။

၂၀၂၀-၂၁ ရာသီက ဂျူဗင်တပ်စ်ကစားသမားဘ၀ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုအပိုင်းမှာ ဒိုင်ဘားလားရဲ့အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၆ပွဲမှာ ၅ဂိုးပဲ သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၃ကြိမ်ပဲ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒိုင်ဘားလားဟာ အယ်လီဂရီလက်ထက်တုန်းက အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အဲဒီကာလအတွင်း ၇၄ဂိုးသွင်းယူနိုင်ခဲ့သလို အထူးသဖြင့် ၂၀၁၇-၁၈ ရာသီမှာ ပြိုင်ပွဲစုံ ၂၆ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်