Spots news

အက်သလက်တီကို ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်နဲ့ မန်ယူရဲ့ ပစ်မှတ် ဆာအူလ်

Unicode Version

စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဆာအူလ် နီဂွက်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတဦး ဖြစ်ကာ အက်သလက်တီကို မက်ဒရစ်အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတဦး ဖြစ်ပေမယ့်

ယခုနှစ် ဘောလုံးရာသီမှာ အသင်းနည်းပြ ဖြစ်သူ ဆီမြွန်နီနဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အသင်းမှာ ပုံမှန် ခြေစွမ်းကောင်း ပြသဖို့ ရုန်းကန်ခဲ့ရသူပါ။

ဆာအူလ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ အထိ ပါဝင် ကစားခွင့်ရခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူဟာ

အရန်ကစားသမား အဖြစ်သာ ပွဲတွေကို ကစားခွင့် ရခဲ့တာ ဖြစ်ပြီး တရာသီလုံးမှာ စုစုပေါင်း ၂၆၇၃ မိနစ်သာ ကစားခွင့် ရခဲ့ကာ သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်သာ ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဆာအူလ်ဟာ ငယ်စဉ်ကတည်းက ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကလည်း

အသင်းမှာ မနေချင်တဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ စီစဉ်ထားကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

စပိန် ဘောလုံးလောကမှာ ဩဇာအာဏာ ကြီးမားတဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာအူလ်ဟာ သူ့ရဲ့ ကစားသမားဘဝ အတွက် ယခုနှစ် နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ကြိုးစားနေပြီး

လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အီတလီ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ် ၊ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ အင်္ဂလန်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဆာအူလ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းခန့် ရရှိပါက အက်သလက်တီကို မက်ဒရစ်အသင်းဟာ သူ့ကို ရောင်းချသွားမှာ ဖြစ်ပြီး

လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းဟာ ဆာအူလ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေကာ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်စ်ကို မခေါ်ယူနိုင်မှသာ ဆာအူလ်ကို ခေါ်ယူဖို့ ကြိုးစားမယ့် အနေအထားမှာ ရှိပါတယ်။