Unicode Version
ပရီးမီးယားလိဂ် နာမည်ကြီ စပါးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဖြစ်သူ
အန်တိုနီယို မာရှယ်အတွက် တရားဝင် ကမ်းလှမ်းမှုတခု ပြုလုပ်ခဲ့ကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေနဲ့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
စပါးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် ထိပ်တန်း တိုက်စစ်မှူးတဦးကို ရှာဖွေနေပြီး
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရုန်းကန်နေရတဲ့ မာရှယ်ဟာ သူတို့အသင်း မျက်စိကျနေတဲ့ တိုက်စစ်မှူးတွေထဲက တဦးပဲ ဖြစ်ပါတယ်။
အသက် ၂၅နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၂၀၁၅ထဲက ပြင်သစ်ကလပ် မိုနာကိုအသင်း ကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပြိုင်ပွဲစုံ ၂၅၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၇၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မာရှယ်ဟာမန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိကာစမှာ ပုံမှန် ခြေစွမ်းတခုကို ထုတ်ပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ခြေစွမ်းဟာ အတက်အကျ များလွန်းသလို
ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၃၆ပွဲအထိ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုး ၇ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ်ကို ရောင်းထုတ်ပြီး အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူးတဦးကို
ခေါ်ယူချင်နေကာ စပါးအသင်း ကတော့ ဟယ်ရီကိန်းရဲ့ နေရာအတွက် မာရှယ်ဟာ အသင့်တော်ဆုံး အစားထိုးမှု တရပ်အဖြစ် ယူဆနေပါတယ်။
မန်ချက်စတာ သတင်းဌာနရဲ့ ဖော်ပြချက် အရ စပါးအသင်းဟာ မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်နေပြီး တဖက်မှာလည်း မာရှယ်အတွက်
ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ မာရှယ်ကို
အလွယ်တကူ လက်မလွှတ်လိုပဲ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းခန့် ရရှိမှသာ ရောင်းချဖွယ် ရှိကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။