Spots news

နိုင်ငံတော်သီချင်း လိုက်မဆိုခဲ့တဲ့ မြန်မာကစားသမားတွေကို နားလည်ပြီး ပြည်သူတွေအတွက် ဂျပန်နောက်ခံလူ ယိုရှီဒါ ဆုတောင်းပေး

Unicode Version

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အနေနဲ့ ဂျပန်အသင်းနဲ့ မြန်မာအသင်း ကစားခဲ့တဲ့ပွဲမှာ ဂျပန်က ၁၀ဂိုး ပြတ်အနိုင်ရခဲ့ပြီး ပွဲကစားတဲ့ အချိန်ကျမှ ရုပ်သံမှာ မြန်မာလက်ရွေးစင်ကစားသမားတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ

ပရိသတ်တွေ သိရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ စင်ကာပူကနေတဆင့် ဂျပန်နိုင်ငံကိုထွက်ခွာသွားတဲ့ မြန်မာ့လက်ရွေးစင် အသင်းရဲ့ လူစာရင်းကို သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်က လုံးဝမထုတ်ပြန် မကြေညာပေးခဲ့ပါဘူး။

မြန်မာလက်ရွေးစင် ဝါရင့်ကစားသမား အများစုနဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှုးကျော်ကိုကို၊ အောင်သူ၊ အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ ဂိုးသမား ကျော်ဇင်ထက်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင် စတဲ့သူတွေဟာ ကစားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့် ဒီပွဲကို ဖီဖာရဲ့ မှတ်တမ်းတွေ အတွက် အဖြစ်သဘောမျိုး ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းကို အသင်းခေါင်းဆောင်အဖြစ် မောင်မောင်လွင်က တာဝန်ယူခဲ့ရပါတယ်။

ပွဲမစခင် ယှဉ်ပြိုင်မယ့် အသင်းနှစ်သင်းရဲ့ နိုင်ငံတော်သီချင်း ဖွင့်ပေးတဲ့အချိန်မှာ မြန်မာကစားသမားတွေ အကုန်လုံးက တစ်ယောက်မှ နိုင်ငံတော် သီချင်းကို လိုက်မဆိုသွားခဲ့တာကို ရုပ်သံကင်မရာတွေက တစ်ဦးချင်း သေချာရိုက်ပြခဲ့ပါတယ်။

ထူးခြားတာက အရန်ဂိုးသမားအဖြစ် အရွေးခံထားရတဲ့ ရတနာပုံအသင်းဂိုးသမား ပြည့်လျှံအောင်က လက်သုံးချောင်းထောင်ပြပြီး ဆန္ဒဖော်ထုတ် ဖော်ထုတ်ခဲ့တာပါပဲ။

ဖိအားတွေ အများကြီးအောက်က ကစားရတဲ့ အနေအထားမှာ ကစားသမားတွေ အကုန်လုံးက ပွဲကို သေချာမကစားခဲ့ကြပဲ မီဒီယာတွေမှာ ဂိုးမသွင်းသပိတ် ပုံစံပြုလုပ်ခဲ့တယ် လို့တောင် အရွှန်းဖောက် ဖော်ပြခဲ့ကြပါတယ်။

ဂျပန်အသင်း ခေါင်းဆောင် နောက်ခံလူ ယိုရှီဒါက ပွဲအပြီးမှာတော့ သူ့ရဲ့အင်စတာဂရမ်ကနေ မြန်မာပြည်သူတွေအတွက် ဆုတောင်းစကားဆိုသွားခဲ့ပါတယ်။ Follower 3သိန်း2သောင်းကျော်ရှိတဲ့ သူ့ရဲ့အကောင့်မှာ တင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ယိုရှီဒါဟာ မြန်မာနဲ့ပွဲမှာ အသင်းခေါင်းဆောင်မောင်မောင်လွင်နဲ့ အလံချင်းလဲလှယ်ကာ နှုတ်ဆက်နေတဲ့ပုံနဲ့အတူ သူ့ရဲ့ဆုတောင်းစကားကို ရေးသား သွားခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ပွဲစဉ်မှာ ယိုရှီဒါက ပထမပိုင်းကိုသာ ဝင်ရောက် ကစားခဲ့တာပါ။

ယိုရှီဒါက “မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေက မကြာခင်မှာ တည်ငြိမ်သွားဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပို့စ်ကို Like လုပ်သူပေါင်း ၆၃၀၀ ကျော်အထိရှိခဲ့ကာ comment ၁၅ ခုအထိ ရှိနေခဲ့ပါတယ်။

ယိုရှီဒါဟာ ဆောက်သမ်တန်အတွက် ၈ နှစ်ကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၁၉၄ ပွဲမှာ ၉ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဆမ်ဒိုးရီးယားမှာ စီးရီးအေပွဲပေါင်း ၃၂ ပွဲ ကစား ပေးထားပြီး ၁ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။