Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်းနဲ့ ဂျူဗင်တပ်အသတိုက်စစ်မှူး ရိုနယ်ဒိုတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ နီးစပ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲလ် ကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့တဲ့ အတွက် ယခုနှစ် နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ် ၊ ညာတောင်ပံ တိုက်စစ် ၊ ဗဟိုနောက်ခံလူနဲ့ ကွင်းလယ်လူတဦး တို့ကို ခေါ်ယူဖို့ လျာထားပြီး
လက်ရှိမှာတော့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရိုနယ်ဒိုနဲ့ အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ဗာရန်းတို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သိရပါတယ်။
အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးပေမယ့် အသင်းရဲ့ နည်းပြသစ် အယ်လီဂရီနီဟာ
သူ့ကို သဘောမကျတာကြောင့် ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ လုပ်ဆောင်နေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသူပါ။
အသက် ၂၈နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားတဦး ဖြစ်ပြီး
ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှု ရဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ ဘဏ္ဏာရေး ပြဿနာကို ချိန်ညှိဖို့ လုပ်ခလစာ မြင့်မားတဲ့ ရိုနယ်ဒိုကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချချင်နေသလို
ရီးရဲလ်မက်ဒရစ် အသင်းကလည်း ဗာရန်းကို လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာကို စိုးရိမ်တာကြောင့်
ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောင်းချဖို့ စဉ်းစားနေပြီး ယူနိုက်တက်အနေနဲ့ ရိုနယ်ဒိုအတွက်
ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ၊ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း သုံးစွဲပါက နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။