Unicode Version
စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင်
လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။
အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ဘာစီလိုနာအသင်းရဲ့ ယခင် ဥက္ကဌဟောင်း
ဘာတိုမြူနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝကို ဘာစီလိုနာ အသင်းမှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းကို သွင်းဂိုး ၈ဂိုး အထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာကြောင့်
အသင်းကနေ ထွက်ခွာဖို့ စတင် ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ ဥက္ကဌသစ် လာပေါ်တာရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတာကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်မှာ ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှုအသစ်တွေ ရရှိဖို့ကိုသာ လိုလားတာကြောင့် မက်ဆီကို စာချုပ်သစ် မချုပ်ခင် ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ
အသင်းကို ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ရကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
စပိန်နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပြီး
မက်ဆီဟာ စာချုပ်သစ်မှာ လက်မှတ် ရေးထိုးဖို့ သဘောတူခဲ့သလို စာချုပ်သစ်ဟာ ၂၀၂၃ခုနှစ် ဇွန်လကုန်အထိ သက်တမ်း ရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
ဘာစီလိုနာအသင်းဟာမက်ဆီနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးပါက မက်ဆီကို ကတိပေးထားတဲ့ အတိုင်း ထိပ်တန်း ကစားသမားတွေကို ဝယ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး
လက်ရှိမှာ သူတို့အသင်းရဲ့ ထိပ်သီး နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်ဟာ ဂျူဗင်တပ်အသင်းရဲ့ နယ်သာလန် နောက်ခံလူ ဒီလစ် ဖြစ်ကြောင်း သိထားရပါတယ်။