Unicode Version
ချယ်လ်ဆီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကန်တီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့
ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ကစားသမား ဖြစ်လာကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အသက် ၃၀အရွယ် ပြင်သစ် ကွင်းလယ်လူ ကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာ အဓိကအကျဆုံး ကစားသမားတဦး ဖြစ်ခဲ့ပြီး
ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးနဲ့ ဗိုလ်လုပွဲမှာပါ ပွဲစဉ်တွေရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့ခြင်းဟာ သူ့ရဲ့ ခြေစွမ်းကို မီးမောင်းထိုးပြနေပါတယ်။
ကန်တီဟာ သူ့ရဲ့ ကစားသမား ဘဝမှာ သွင်းဂိုးများစွာ သွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် ပြင်သစ် ကွင်းလယ်ခံစစ် ကစားသမားဟောင်း မက်ခီလီလီ နောက်ပိုင်း အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားအဖြစ် ဥရောပ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသလို
လက်ရှိမှာလည်း ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ကန်တီက ရရှိသင့်ကြောင်း ထောက်ခံပြောဆိုမှုတွေ ရှိနေသလို ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာလည်း
ကန်တီဟာ ဘာစီလိုနာ ကြယ်ပွင့် မက်ဆီနဲ့ ဂျူဗင်တပ်ကြယ်ပွင့် ရိုနယ်ဒိုတို့ထက် ရွှေဘောလုံးဆုကို ရရှိဖို့ ပိုမို ရေပန်းစားနေကြောင်း သိရှိရပါတယ်။
ထိပ်သီး ဘွတ်ကီ website တခု ဖြစ်တဲ့ Betfairရဲ့ ဖော်ပြချက်အရ ယခုနှစ်မှာ ရွှေဘောလုံးဆုကို ရရှိဖို့ ပီအက်စ်ဂျီ လူငယ် တိုက်စစ်မှူး အမ်ဘာပေက
ရေပန်းအစားဆုံး ဖြစ်နေပြီး ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးပဲ ဖြစ်ပါတယ်။
အဆိုပါ ကစားသမားနှစ်ယောက်ရဲ့ အနောက်မှာ ရေပန်းအစားဆုံး ဖြစ်နေတာက ကွန်တီ ဖြစ်ပြီး စတုတ္ထမြောက်နဲ့ ပဥ္စမမြောက် ရေပန်းအစားဆုံး ကစားသမားတွေဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ကန်တီဟာ ရွှေဘောလုံးဆုကို ရရှိဖို့ တတိယမြောက် ရေပန်းအစားဆုံး ကစားသမား နေရာမှာသာ ရှိနေပေမယ့် ယူရို ၂၀၂၁ ပြိုင်ပွဲမှာသာ ကန်တီဟာ ပြင်သစ် လက်ရွေးစင်အသင်းနဲ့ ဗိုလ်စွဲနိုင်ခဲ့ပါက ရွှေဘောလုံးဆုကို ရရှိဖို့ အလားအလာ များနေကြောင်း သိရပါတယ်။