Spots news

ဘာစီကအလွတ်နဲ့‌ခေါ်မယ့် ဝိုင်နယ်ဒမ်းစ်ကို လစာပိုပေးပြီး ခေါ်ဖို့ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ

Unicode Version

လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်းစ်ဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့သွားဖို့ နီးစပ်လာခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းက

ဝိုင်နယ်ဒမ်းစ်ကို ဘာစီလိုနာအသင်းဆီ မပြောင်းရွှေ့ခင်မှာ ခေါ်ယူသွားနိုင်ဖို့အတွက် မက်မောလောက်စရာကောင်းတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းလာခဲ့တယ်လို့ သိရှိရပါတယ်။

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်းစ်ဟာ ဒီလအတွင်းမှာပဲ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး

သူရဲ့နယ်သာလန်နည်းပြဟောင်း ရော်နယ်ကိုးမန်းရဲ့ လက်ရှိကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့က အပြီးမသတ်နိုင်သေးခင်မှာ ပီအက်စ်ဂျီအသင်းကနေ ကြားဖြတ်ပြီး ဝိုင်နယ်ဒမ်းစ်ကို ခေါ်ယူဖို့အတွက် စတင်စီစဉ်လာခဲ့ကာ

ဝိုင်နယ်ဒမ်းစ်အတွက် ဘာစီလိုနာအသင်းကနေ ပေးချေသွားမယ့် လုပ်ခလစာမျိုးထက် ပိုမြင့်မားတဲ့ လစာပမာဏမျိုးနဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းဟာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ မနှစ်က ဘောလုံးရာသီမှာပဲ ဝိုင်နယ်ဒမ်းစ်ကို ခေါ်ယူခဲ့ချင်ပေမယ့် အဆင်မပြေမှုတွေ ရှိခဲ့ရတာကြောင့် ဒီနှစ်နွေမှသာ

ထပ်မံကြိုးစားလာခဲ့ရတာဖြစ်ကာ အခုလည်း ပီအက်စ်ဂျီအသင်းရဲ့ ကြားဖြတ်ကမ်းလှမ်းလာမှုကြောင့် ဝိုင်နယ်ဒမ်းစ်ကို ခေါ်ယူနိုင်အရေးက ခက်ခဲရဖွယ် ရှိသွားပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခြေအနေကြောင့် စျေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနေတဲ့ ကစားသမားတွေကိုသာ ဦးစားပေးနေရတာဖြစ်သလို လီယွန်နယ်မက်ဆီကိုပါ

စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေသေးတဲ့အတွက် အသင်းကနေ ခေါ်ယူမယ့် ကစားသမားအတွက်ကိုလည်း မြင့်မားလွန်းတဲ့ လုပ်ခလစာတွေ ပေးချေဖို့က ခက်ခဲနေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဘာစီလိုနာအသင်းဟာ နယ်သာလန်အသင်းဖော်တွေဖြစ်တဲ့ ဒီပိုင်းနဲ့ ဝိုင်နယ်ဒမ်းစ်တို့ကို ဆက်လက်ခေါ်ယူသွားဖို့ လုပ်ဆောင်နေပေမယ့်လည်း ဝိုင်နယ်ဒမ်းစ်ကို ပီအက်စ်ဂျီအသင်းကနေ

အသေအချာ ကြိုးစားလာခဲ့သလို ဒီပိုင်းကိုလည်း စီးရီးအေထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေက ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။