Spots news

နွေရာသီမှာ ဆိုလ်းရှား ကြိုက်သလို‌ ခေါ်ယူခွင့်၊ ငွေသုံးခွင့်ပေးမယ်လို့ ဂလေဇာ မိသားစုပြော

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ ငွေကြေးအမြောက်အမြားသုံးစွဲသွားမယ်လို့ ပရိသတ်တွေကို ကတိပြုခဲ့ပြီး နည်းပြဆိုးလ်ရှား အလိုရှိနေတဲ့ကစားသမားတွေကို ခေါ်ယူဖို့ခွင့်ပြုထားကြောင်းအသိပေးခဲ့ပါတယ်။

ဂလေဇာမိသားစုဝင်တစ်ဦးဖြစ်တဲ့ ဂျိုးလ်ဂလေဇာဟာ ပြီးခဲ့တဲ့(၁၅)နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် အသင်းပရိသတ်တွေနဲ့ အွန်လိုင်းကနေတွေ့ဆုံစကားပြောဆိုခဲ့ပြီး အသင်းရဲ့အနာဂတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ ဂလေဇာမိသားစုအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ရှယ်ယာတွေကို ရောင်းချဖို့ဖိအားပေးတောင်းဆိုနေပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့တဲ့အတွက် အသင်းပိုင်ရှင်တွေအပေါ် ဒေါသပေါက်ကွဲနေကြတာပါ။

ပြီးခဲ့တဲ့မေလတုန်းက ယူနိုက်တက်ပရိသတ်တွေ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲဝင်ရောက်သောင်းကျန်းခဲ့လို့ လီဗာပူးလ်နဲ့ကစားမယ့်ပွဲကို ရက်ရွှေ့ဆိုင်းခဲ့ရပြီး ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့ အိမ်ကွင်းပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာလည်း “Galzer Out”ဆိုတဲ့စာတန်းတွေကိုင်ဆောင် အားပေးခဲ့ကြပါတယ်။

အဲဒါကြောင့် ဂလေဇာမိသားစုဟာ ယူနိုက်တက်ပရိသတ်တွေ စိတ်ကျေနပ်မှုရအောင် အခုနွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ ငွေကြေးအမြောက်အမြားသုံးစွဲသွားမယ်ဆိုပြီး

ကတိပေးခဲ့သလို ပရိသတ်တွေရဲ့အမြင်ကို သိရအောင်လို့ Fan Advisory Board အဖွဲ့ ဖွဲ့စည်းဖို့နဲ့ Fan Share Scheme စီမံကိန်းတွေ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဂျိုးဂလေဇာက “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ယူနိုက်တက်အသင်းပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဗိုလ်စွဲဖို့နဲ့ အကယ်ဒမီအတွက် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့၊

ကလပ်အသင်းရဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် နည်းပြ စိတ်တိုင်းကျကစားသမားသစ် ခေါ်ယူနိုင်အောင် ကူညီထောက်ပံ့ပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ အခုနွေရာသီမှာ ဒေ့ါမွန်အသင်းတောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို ပေါင်(၇၇)သန်းနဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ခံစစ်မှာ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားဖို့အတွက် ဆီဗီလာနောက်ခံလူ ဂျုးလ်ကွန်ဒဲလ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။