Spots news

ရာသီသစ်မှာ ဘရူနိုဖာနန်ဒက်စ်ကို ကျောနံပါအသစ်နဲ့ မြင်တွေ့ရဖွယ်ရှိ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ အလိုချင်ဆုံး နံပါတ်ကို လာမယ့်ရာသီမှာ ဝတ်ဆင်ကစားခွင့်ပြုသွားဖို့ရှိနေပါပြီ။ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းကနေ ပေါ(၄၆.၆)သန်းပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အခုလက်ရှိအချိန်မှာ ကျောနံပါတ်(၁၈)ကို ဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ် တစ်ချိန်ကဝတ်ဆင်ကစားခဲ့တဲ့ နံပါတ်(၁၈)ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့် သူကတော့ သူ့ရဲ့စိတ်ကူးနံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၈)ကိုဝတ်ဆင်ခွင့်ရဖို့ ဆန္ဒက မပြောင်းလဲသေးပါဘူး။

အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၈)ဂျာစီကို ဝါရင့်ကွင်းလယ်လူမာတာက ဝတ်ဆင်နေပြီး အခုနွေရာသီမှာ မာတာဟာ အသင်းနဲ့လမ်းခွဲဖို့ရှိနေတာကြောင့် ဘရူနိုဖာနန်ဒက်စ်အတွက် မျှော်လင့်ချက်ရှိနေပါပြီ။

စပိန်ကွင်းလယ်လူမာတာဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်တော့မှာဖြစ်သလို သူ့ကို ခေါ်ယူဖို့ ဆရာဟောင်းမော်ရင်ဟိုရှိတဲ့ရိုးမားအသင်းအပြင် ကလပ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။ မာတာဟာ မိခင်နိုင်ငံဖြစ်တဲ့ စပိန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေတဲ့အပြင် မေဂျာလိဂ်မှာလည်း သွားရောက်ကစားဖို့ရှိနေပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ အူဒီးနီးစ်၊ စပို့တင်းလစ္စဘွန်းအသင်းတို့မှာကစားခဲ့တုန်းက ကျောနံပါတ်(၈)ဂျာစီဝတ်ဆင်ခဲ့ပြီး ယူနိုက်တက်အသင်းမှာတော့ မာတာရှိနေတာကြောင့် နံပါတ်(၁၈)ကိုသာ ဝတ်ဆင်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်ဟာ နံပါတ်(၁၈)ဝတ်ဆင်ကစားခွင့်ရခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

“ နံပါတ် (၁၈)က ကျွန်တော့်စိတ်ကြိုက်နံပါတ်တစ်ခုပါ။ ပြီးခဲ့တဲ့(၃)နှစ်တာကာလအတွင်း ကျွန်တော်ဟာ နံပါတ်(၈)ဂျာစီဝတ်ဆင်ကစားခဲ့ပြီး အကြောင်းကတော့ ကျွန်တော့်အဖေဟာ ကစားသမားဘဝတုန်းက နံပါတ်(၈)ဝတ်ဆင်ခဲ့သလို ကျွန်တော့်မွေးရက်ဖြစ်တဲ့အပြင် ကိုယ်တိုင်ကလည်း အဲဒီနံပါတ်ကို ကြိုက်နှစ်သက်ပါတယ်။

နံပါတ်(၁၈)ကတော့ ကျွန်တော့်ဇနီးမွေးရက်ဖြစ်ပြီး နောက်ထပ်အကြောင်းကတော့ ငယ်ငယ်တုန်းက ယူနိုက်တက်ပွဲတွေကြည့်ရင် ပေါလ်စခိုးလ်ဟာ နံပါတ်(၁၈)ဝတ်ဆင်ကစားခဲ့တာကြောင့် ဒီလိုထိတ်ထိတ်ကြဲ ကစားသမားတစ်ဦး ဝတ်ဆင်ကစားခဲ့တဲ့နံပါတ်ကို အမွေဆက်ခံခွင့်ရမယ့်အခွင့်အရေးက ကျွန်တော့်အတွက် ကျေနပ်ဝမ်းမြောက်စရာဖြစ်လို့ပါပဲ”ဆိုပြီး ပြောကြားခဲ့ပါတယ်။