Spots news

31-Dec-2020 ပွဲပြီးသုံးသပ်ချက်များ

[UNICODE]
နယူးကာဆယ် ဝ-၀ လီဗာပူး
ဒီရာသီအဝေးကွင်း ရလဒ်ပိုင်း ဆိုးရွားနေတဲ့ လီဗာပူးဟာ ဒီပွဲမှာလည်း ထပ်မံခြေချော်ခဲ့ပြီး နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။လီဗာပူးဟာ ဆာလတ်၊ ဖာမီနို၊ မာနေး အစရှိတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ပဲ ပွဲထွက်လာခဲ့ပေမဲ့ တစ်သင်းလုံးပိတ်ကစားနေတဲ့ နယူးကာဆယ်ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ဒီပွဲမှာ သရေတစ်မှတ်ရယူဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တာပါ။

ကလော့ဟာ နယူးကာဆယ်ရဲ့တန်ပြန်တိုက်စစ်ကိုလည်း စိုးရိမ်တာတွေ့မြင်ရပြီး နယူးကာဆယ်ခံစစ်ဇုန်ထဲ တိုးဝင်နိုင်မဲ့ တိုက်စစ်မှူးတွေ လူစားလဲရမဲ့အစား ကွင်းလယ်လူတွေကိုပဲ လူစားလဲခဲ့တာ တွေ့ရပါတယ်။ နယူးကာဆယ်ကတော့ လီဗာပူးတိုက်စစ်ကို ပွဲချိန်ပြည့် အကောင်းဆုံး တားဆီးနိုင်ခဲ့ပြီး အိမ်ကွင်းမှာ သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ လက်ရှိချန်ပီယံအသင်းတွေကို လက်ခံကစားတဲ့ အိမ်ကွင်းနောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲမရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

မနေ့ညမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ စပါးနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအန္တရာယ်ကြောင့် ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ဒီတစ်ပတ်အတွင်း ဒုတိယမြောက်ရွှေ့ဆိုင်းရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

အက်သလက် ၁-၀ ဂီတာဖေး
အက်သလက်ကတော့ ခက်ခဲခဲ့ပေမဲ့ ချန်ပီယံတို့ရဲ့ပုံစံအတိုင်း နိုင်ပွဲတစ်ပွဲကိုတော့ အမှားအယွင်းမရှိ ရယူနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်၊ ယာအိုဖီလစ်တို့နဲ့ ပွဲထွက်လာတဲ့ အက်သလက်ဟာ ဒီပွဲမှာတော့ ချိတ်ဆက်မှု အားနည်းခဲ့ပြီး ဂီတာဖေး ခံစစ်ကို ထိုးဖောက်ရခက်နေခဲ့ပါတယ်။

ဂီတာဖေးကလည်း အက်သလက်ကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး အခွင့်အရေးတွေ ရရှိခဲ့တာတွေ့ရပါတယ်။ အက်သလက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်မိနစ် ၂၀ မှာ ကာရက်ကိုရဲ့ ဖန်တီးပေးမှုကနေ ဆွာရက်ဇ်က သွင်းယူသွားခဲ့တာပါ။ဒီပွဲဟာ နည်းပြဆီမြွန်နီအတွက် အက်သလက်ကို ကိုင်တွယ်တာ ပွဲ ၅၀၀ ပြည့်မြောက်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အယ်လ်ချီ ၁-၁ ရီးရဲ
နိုင်ပွဲတွေ ဆက်တိုက်ရယူပြီး ပုံစံကောင်းပြနေတဲ့ ရီးရဲကတော့ အယ်လ်ချီနဲ့အတွေ့မှာ မထင်မှတ်ဘဲ ရပ်တန့်သွားခဲ့ရပါတယ်။ ရီးရဲဟာ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ၊ အဆန်စီယို၊ ဘတ်ကွက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ အယ်လ်ချီဂိုးသမား လက်စွမ်းပြနေတာကြောင့်လည်း အခက်တွေ့နေရပါတယ်။

မိနစ် ၂၀ မှာ မိုဒရစ်ရဲ့ဂိုးနဲ့ ရီးရဲဦးဆောင်နိုင်ခဲ့ပေမဲ့ ၅၂ မိနစ်မှာတော့ ချီဗက်စ်က ပင်နယ်တီကနေ အိမ်ရှင်အတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒီရာသီမှာ ပင်နယ်တီတွေ ခွင့်ပြုလွန်းနေရတာက ရီးရဲခံစစ်ရဲ့ အားနည်းချက်ဖြစ်ပြီး ဇီဒန်း ပြင်ဆင်ရဦးမှာပါ။

ဂရန်နာဒါ ၂-၁ ဗလန်စီယာ
အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ကြည့်ကောင်းခဲ့တဲ့ပွဲဖြစ်ပြီး အဆုံးသတ်ပိုင်းအားနည်းခဲ့လို့သာ ဒီထက်ဂိုးတွေ ထပ်မမြင်ခဲ့ရတာပါ။ အားနည်းတဲ့ ဗလန်စီယာခံစစ်ကို ဂရန်နာဒါက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အခွင့်အရေးရယူနိုင်ဖို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်းမှာ ဗလန်စီယာအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပေမဲ့ နှစ်ယောက်လျော့သွားတဲ့အချိန်မှာတော့ ဘယ်လိုမှ မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။