Spots news

စီရော်နယ်ဒိုကို ၉ နှစ်သားကတည်းက လေးစားအားကျ ခဲ့ရကြောင်း ဘရူနိုဖာနန်ဒက်စ် ပြော

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူ လေးစားအားအကျဆုံး ကစားသမားက လက်ရွေးစင်အသင်းဖော် စီရော်နယ်လ်ဒိုဖြစ်ပြီး စီရော်နယ်လ်ဒို ကစားခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ရင် စိတ်ဓာတ်ခွန်အားတွေ ရရှိစေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဘောလုံးလောကရဲ့ထိပ်တန်းအဆင့်မှာ ကျင်လည်နေဆဲဖြစ်သူ စီရော်နယ်လ်ဒိုဟာ အခုအချိန်အထိ အကောင်းဆုံးခြေစွမ်းတွေပြသနေဆဲဖြစ်သလို လာမယ့်ယူရို-၂၀၂၀ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း လက်ရှိချန်ပီယံဘွဲ့ကာကွယ်နိုင်ဖို့အတွက် ဦးဆောင်သွားဦးမှာပါ။

စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေအများကြီးရယူခဲ့တဲ့အပြင် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမား၊ Ballon d’Or ဆုတို့လို တစ်ဦးချင်းအကောင်းဆုံးဆုတွေပါ ပိုင်ဆိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ယူရို-၂၀၀၄ ပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုဟာ နိုင်ငံအသင်းအတွက် ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲဆင်နွှဲခဲ့ပြီး အဲဒီအချိန်တုန်းက ကျွန်တော့်အသက်က (၉)နှစ်သာရှိပါသေးတယ်။

စီရော်နယ်လ်ဒိုကို အဲဒီအချိန်ကတည်းက ကျွန်တော် အားပေးစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ သူ့ကို လေးစားအားကျရတဲ့အကြောင်းက စီရော်နယ်လ်ဒိုဟာ နေ့တိုင်းကြိုးစားလေ့ကျင့်တယ်၊

စိတ်ဓာတ်ခိုင်မာတယ်၊ ပွဲတိုင်းကို ရာနှုန်းပြည့်ပေးဆပ်ကစားလေ့ရှိတာတွေပါပဲ။ ပွဲတိုင်းလိုလို သူက ဂိုးသွင်းလေ့ရှိပြီး တစ်ပွဲပြီးတစ်ပွဲ စီရော်နယ်လ်ဒိုဟာ ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့၊ ခြေစွမ်းတိုးတက်လာဖို့ အမြဲကြိုးစားနေတာပါ။

အဲဒါက ကျွန်တော့်အတွက် အားကျစရာကောင်းတဲ့အချက်ဖြစ်ပြီး အဲဒီလိုပြင်းထန်တဲ့စိတ်ဓာတ်ကြောင့်ပဲ ကျွန်တော်ဟာ အခုလောက်အထိတိုးတက်လာတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်

လက်ရှိအချိန်မှာ အသက် (၃၆) နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှ ထွက်ခွာဖို့ သတင်းများထွက်ပေါ်လျက် ရှိနေပြီး ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းနဲ့ အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းတို့ထံသို့ ပြောင်းရွေ့ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေ ပါတယ်။