Spots news

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တိုက်စစ်မှုးကို ကြားဖြတ်ခေါ်ယူဖို့ နီးစပ်လာတဲ့ လက်စတာ

Unicode Version

ပရီးမီးယားလိဂ် ကလပ် လက်စတာ စီးတီးအသင်းဟာ စကော့တလန် ကလပ် ဆဲလ်တစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အော့ဒ်ဆုန်း အူဒိုရပ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

လက်ရှိ အချိန်မှာ ပြင်သစ် တိုက်စစ်မှူး အူဒိုရပ်ဟာ ဥရောပဘောလုံး လောကမှာ နာမည်ရလာတဲ့ တက်သစ်စ တိုက်စစ်မှူးတဦး ဖြစ်ပြီး သူ့ရဲ့ တိုးအား ၊ ရုန်းအား ကောင်းတဲ့ ကစားပုံကြောင့် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေခဲ့ပါတယ်။

သို့သော်လဲ အာဆင်နယ်အသင်းဟာ စိတ်ဝင်စားနေတဲ့ အဆင့်မှာသာ ရှိနေသေးချိန် လက်စတာအသင်းကတော့ အဓိက တိုက်စစ်မှူး ဗာဒီ တယောက် အသက်အရွယ် ရလာတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းချင်နေတဲ့ လက်စတာ စီးတီးအသင်း ကတော့ အူဒိုရပ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်နေပြီ ဖြစ်ပါတယိ။

အူဒိုရပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အများ ရှိနေပေမယ့် လက်စတာ စီးတီးအသင်းဟာ အူဒိုရပ်ကို ခေါ်ယူနိုင်ဖို့ ဆဲလ်တစ်အသင်းနဲ့ရော အူဒိုရပ်ရဲ့ အေးဂျင့်တွေနဲ့ပါ ခပ်မြန်မြန် ဆွေးနွေးနေပြီး အူဒိုရပ်ကို မကြာခင်မှာ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အူဒိုရပ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆဲလ်တစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၄၀အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

လက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာဟာ ဆဲလ်တစ်အသင်းမှာ ရှိနေစဉ်က အူဒိုရပ်ကို ပီအက်စ်ဂျီအသင်း ကနေ ဆဲလ်တစ်အသင်းထံ ခေါ်ယူခဲ့တဲ့ နည်းပြဖြစ်တာကြောင့် အူဒိုရပ်ကလည်း ဆရာဟောင်း ဘရန်ဒန် ရော်ဂျာနဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။