Unicode Version
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲရဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာက ယူနိုက်တက်မှာပဲ ပျော်ရွှင်နေတာကြောင့် အသင်းပြောင်းဖို့ စိတ်ကူးမရှိတဲ့အပြင်
အသင်းမှာပဲ ဆက်လက်ရှိနေပြီး အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို ရယူနိုင်ဖို့အတွက် အသင်းဖော်ဂိုးသမားတွေနဲ့အပြိုင် တိုက်ပွဲဝင်သွားချင်နေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဒီဂီယာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးခဲ့ရသလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးယဲလ်အသင်းသားတွေ ကန်သွင်းခဲ့တဲ့
ပင်နယ်တီ (၁၁)ကြိမ်ကို တစ်ကြိမ်မှ မဖမ်းနိုင်ခဲ့တဲ့အပြင် သူကန်သွင်းရမယ့် အလှည့်မှာလည်း ဂိုးမဝင်ခဲ့လို့ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ရပြီး ဒီဂီယာလည်း ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
အဲ့ဒီနောက်ပိုင်းကတည်းက ဒီဂီယာရဲ့ အနာဂတ်ဟာ အတော်လေးကို မရေမရာ ဖြစ်လာခဲ့ရပေမယ့် ဒီဂီယာကတော့ ဆယ်စုနှစ်တစ်ခုနီးပါးလောက် ကျင်လည်ခဲ့ရတဲ့ ယူနိုက်တက်မှာသာ ဆက်လက်ရှိနေချင်ပါတယ်။
ဒီဂီယာဟာ ၂၀၁၁ခုနှစ်ကတည်းက အသက်လက်တီကိုကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သလို အကောင်းဆုံး ကစားသမားဆုတွေကို
သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ သူရဲ့လက်စွမ်းတွေ ကျဆင်းလာခဲ့ရသလို အသင်းကို ဒင်းဟန်ဒါဆန်ကပါ ပြန်လည်ရောက်ရှိလာခဲ့တဲ့အတွက် အနာဂတ် လှုပ်ခတ်လာရပါတယ်။
ဒါပေမယ့် ဒီဂီယာကတော့ ယူနိုက်တက်နဲ့သာ ဆက်လက်ပူးပေါင်းသွားချင်နေပြီး ဒင်းဟန်ဒါဆန် ဒါမှမဟုတ် အသင်းကို ရောက်ရှိလာမယ့်
ဂိုးသမားသစ် အက်စတွန်ဗီလာဂိုးသမား တွမ်ဟီတန် တို့နဲ့ပါ ပွဲထွက်နေရာအတွက် အပြိုင်ကြိုးပမ်းသွားချင်နေပါတယ်။
ယူနိုက်တက် အနေနဲ့ကတော့ ဒီနွေစျေးကွက်မှာ ဒီဂီယာနဲ့ ဒင်းဟန်ဒါဆန်တို့ ဂိုးသမား(၂)ယောက်ထဲက တစ်ဦးဦးကို ရောင်းထုတ်သွားရဖွယ် ရှိလို့နေပြီး အသင်းဘက်ကတော့ လစာများစွာ ပေးချေနေရတဲ့ ဒီဂီယာကိုသာ အသင်းကနေ ရောင်းချသွားချင်နေပါတယ်။