Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အလာဗတ်မှာ အငှားသွားရောက် ကစားနေတဲ့ တောင်ပံကစားသမား ပယ်လီစထရီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ယခုအပတ် အတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
အသက် ( ၁၉ ) နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဥရုဂွေး ကလပ် Penarol ကနေ ယူနိုက်တက်ကို ရောက်ရှိလာပြီး ဇန်နဝါရီလအတွင်း လာလီဂါကလပ် အလာဗတ်အသင်းထံမှာ အငှား သွားရောက်ကစားခဲ့ပါတယ်။
ပယ်လီစထရီက အလာဗတ် အသင်းအတွက် ( ၁၂ ) ပွဲကစားကာ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။
Noticias de Alava အရ အလာဗတ် အသင်းဟာ တောင်ပံ ကစားသမားကို နောက်ထပ်တစ်ရာသီ အငှားခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်က တောင်ပံ ကစားသမားကို လာမယ့်ရာသီမှာ ထပ်မံအငှားချမလား ၊ အိုးထရတ်ဖို့ဒ် စီနီယာ အသင်းကြီးမှာ ပါဝင်စေမလားဆိုတာ ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း သိရပါတယ်။
အဆိုပါ သတင်းအရ ယူနိုက်တက်ဟာ လာမယ့်ရက်အနည်းငယ် အတွင်းမှာ ပယ်လီစထရီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်မှာဖြစ်ပြီး နောက်ထပ်တစ်ရာသီ အငှားချထားဖို့ အလားအလာ ပိုများနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အလာဗတ် တစ်သင်းတည်း သာမက ဘယ်လ်ဂျီယံနိုင်ငံမှ ကလပ် ဘရုဂျက်နှင့် အခြားသော အင်္ဂလန် ကလပ်တွေကပါ တောင်ပံကစားသမားကို စိတ်ဝင်စား နေကြပါတယ်။
အိုလေ ဂန်းနား ဆိုးရှားကတော့ ပယ်လီစထရီဟာ အိုးထရတ်ဖို့ဒ်မှာ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်း နှင့် စိတ်ဓာတ် ခံယူချက်တွေ ပိုင်ဆိုင်ထားတယ်လို့ ယခင်က ပြောဆိုခဲ့ဖူးပါတယ်။