Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာပြီး သူ့အတွက်
ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် နေရာတနေရာကို ပြောင်းရွှေ့ချင်နေကာ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ မျက်စိကျနေကြောင်း သိရပါတယ်။
အသက် ၂၅နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အသက် ၁၉နှစ် အရွယ်ထဲက
ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ သူ့ရဲ့ ခြေစွမ်းဟာ တသမတ်ထဲ မရှိသေးပဲ ကောင်းတလှည့် ၊ ဆိုးတလှည့်သာ ဖြစ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မာရှယ်အပေါ် ထားတဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးခဲ့ကာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို
အင်အားဖြည့်တင်းမှုတွေ အဖြစ် ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုအပြင် နောက်ထပ် တိုက်စစ်မှူး တဦးကိုပါ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။
ဆန်ချိုသာ ရောက်လာပါက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရနိုင်တဲ့ ကစားသမား ၅ဦး အထိ
ရှိသွားမှာ ဖြစ်ကာ မာရှယ်ဟာ အဆိုပါ ကစားသမား ၅ဦး အနက် အရန်ခုံမှာ ထိုင်ရဖို့ အခွင့်အရေး အများဆုံး ကစားသမား ဖြစ်နေပါတယ်။
ဒါကြောင့်ပဲ မာရှယ်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ
မာရှယ်ဟာ စပိန် လာလီဂါ အင်အားကြီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
မာရှယ်ရဲ့ အေးဂျင့်ဖြစ်တဲ့ USFA Management ဟာ သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူ မာရှယ်ကို တရာသီ အငှား + ရာသီကုန်တွင် အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းထံ ကမ်းလှမ်းထားကြောင်းနဲ့
ရီးရဲလ်မက်ဒရစ် အသင်းကလည်း မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေကြောင်း ဖော်ပြထားပါတယ်။ ယူနိုက်တက် အသင်း ကတော့ မာရှယ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိ နေပါတယ်။