Laura အမည်ရှိတဲ့ကာယနည်းပြဆရာမတစ်ယောက်ဟာ အနှစ်၂၀လောက်စံပြအမျိုးသားကိုရှာဖွေပြီးတဲ့အခါမှာ မတွေ့ခဲ့တာကြောင့် သူမကိုယ်သူမလက်ထပ်ပြီး တစ်ကိုယ်တော်မင်္ဂလာပွဲကျင်းပခဲ့တယ်လို့ Metro ကနေသတင်းရရှိခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာအသက်၄၀ရှိပြီဖြစ်ပြီး ထူးခြားတဲ့မင်္ဂလာပွဲအခမ်းအနားကို အီတလီနိုင်ငံ Lissone မြို့မှာကျင်းပခဲ့တယ်လို့သိရပါတယ်။..
Laura ကဒေသတွင်းမီဒီယာကိုပြောခဲ့တာက သူမကမိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရှေ့မှာ ဒဏ္ဏာရီပုံပြင်ဆန်ဆန်မင်္ဂလာပွဲကျင်းပဖြစ်ဖို့ကို အမြဲတမ်းအိပ်မက်မက်ခဲ့တယ်လို့ဆိုပါတယ်။ မင်္ဂလာပွဲမှာသူမက ရိုးရာမင်္ဂလာပွဲတက်ဂါဝန်ကိုဝတ်ဆင်ခဲ့ပြီး သူတို့သမီးအရံတွေနဲ့တကွ ထိမ်းမြားလက်စွပ်ကိုလဲ သူမကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်လို့သိရပါတယ်။
Laura ကတကယ်လို့များသူမမျှော်မှန်းထားတဲ့အမျိုးသားကိုတွေ့ခဲ့မယ်ဆိုရင် သူမပျော်ရွှင်ရပေမယ့် သူမပျော်ရွှင်မှုကတော့အဆိုပါအမျိုးသားပေါ်မှာမမူတည်ဘူးလို့ဆိုပါတယ်။ သူမကမိသားစုတွေနဲ့သူငယ်ချင်းတွေကို သူမအသက်၄၀ပြည့်လို့မှ စံပြအမျိုးသားရှာမတွေ့ခဲ့ရင်သူမကိုယ်သူမလက်ထပ်ဖြစ်မယ်လို့ဆိုခဲ့ကြောင်းသိရပါတယ်။ အခမ်းအနားပြီးတဲ့နောက်မှာ Laura ကအပေါ်ဆုံးအလွှာမှာတစ်ကိုယ်တော်သတို့သမီးတစ်ဦးတည်းနဲ့အလှဆင်ထားတဲ့ ကိတ်မုန့်လှီးခဲ့ပါတယ်။
မင်္ဂလာပွဲမှာ ဧည့်သည်တော်တွေက ပျော်ရွှင်စရာကောင်းတဲ့တစ်ကိုယ်တော်ဘဝအတွက် ရှန်ပိန်ခွက်တွေမြှောက်ကာဆုတောင်းပတ္ထနာပြုပေးကြပါတယ်။ Laura က လူမှုကွန်ယက်ပေါ်မှာ “Laura Mesi Sposa Single” Laura Mesi တစ်ကိုယ်တော်သတို့သမီးလို့အမည်ပေးထားတဲ့ သူမရဲ့မင်္ဂလာပွဲဓာတ်ပုံပေါင်း ၁၂၀ကိုမျှဝေပေးခဲ့ပြီး follower များစွာရရှိခဲ့ပါတယ်။ သူမကဘယ်သူမှမချစ်ခင်ကိုယ့်ကိုကိုယ်အရင်ချစ်ပါလို့ကြေညာခဲ့ပါတယ်။ သူမကမင်္ဂလာပွဲအတွက်ပေါင်၈၇၀၀ ပေးခဲ့ရပြီး ဥပဒေနဲ့ချည်နှောင်ထားတာမဟုတ်တဲ့အတွက်ကြောင့် သူမကိုယ်သူမအချိန်မရွေးပြန်ကွာရှင်းလို့ရတယ်လည်းဆိုထားပါတယ်။ ဟန်းနီးမွန်းအနေနဲ့ တစ်ကိုယ်တည်း အီဂျစ်ကိုသွားရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။