Unicode Version
ယူရို လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းရဲ့ ဒီညမှာ ကစားမယ့် ဟန်ဂေရီနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပေါ်တူဂီအသင်း ခေါင်းဆောင် စီရော်နယ်ဒိုဟာ
ထူခြားတဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စားပွဲပေါ်မှာ သူ့ရဲ့အရှေ့က ကိုကာကိုလာ ပုလင်းတွေကို ဖယ်ရှားပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနှစ် ယူရို ပြိုင်ပွဲအတွက် စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုအဖြစ် ကိုကာကိုလာက ပါဝင်နေတာဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲတွေမှာ
သူတို့ရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ထည့်သွင်းပြသ ပေးနေတာ ဖြစ်ပေမယ့် စီရော်နယ်ဒိုကတော့ သူ မနှစ်သက်တဲ့ အချိုရည်တွေကို ဖယ်ရှားပစ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘဝမှာ သူ့ရဲ့ကိုယ်ကာယ ကြံ့ခိုင်မှုအပေါ် အလေးထား ပြင်ဆင်နေခဲ့သူ ဖြစ်သလို
အစား အသောက်ကအစ အသေးစိတ် တွက်ချက်ပြီးမှ စားသုံးနေထိုင်ခဲ့ပြီး အရက်သေစာ သောက်စားခြင်းလည်း မရှိသူဖြစ်ပါတယ်။
တစ်ခါတလေမှသာ ဝိုင်သောက်သုံးလေ့ရှိပြီး
ကိုယ့်ကိုကိုယ် ဂရုစိုက်လွန်းသူ တစ်ဦးအဖြစ် လူသိများတဲ့ စီရော်နယ်ဒို အတွက်တော့ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကိုယ်အလေးချိန်အတွက် မကောင်းတဲ့ ကိုကာကိုလာအအေးဗူးတွေက မနှစ်မြို့စရာ ဖြစ်ခဲ့ရပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်ဒိုဟာ အအေးပုလင်း တွေကို ဖယ်ရှားခဲ့ပြီး ရေပုလင်းကိုသာ သူ့အနားမှာ ယူထားခဲ့တာလည်း ဖြစ်ပါတယ်။ သူ ရေဗူးကို ယူဆောင်ချိန်မှာလည်း
သတင်းထောက်တွေ မြင်သာအောင် ပြသခဲ့ပြီး ရေပဲသောက်ပါလို့ ပြောဆိုခဲ့ကာ သူ့အတွက် ဘယ်ဟာက ပိုပြီး ဦးစားပေးလဲ ဆိုတာကို အထင်အရှား ဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ Global Soccer Awards အခမ်းအနား တုန်းကလည်း စီရော်နယ်ဒိုက သူ့ရဲ့သား ဂျူနီယာစီရော်နယ်ဒိုဟာ ကိုလာတွေ သောက်သုံးနေတဲ့ အကြောင်း ပြောဆိုခဲ့ပြီး သူ သဘောမကျဘူးလို့ ဆိုခဲ့ပါသေးတယ်။
သူ ကိုယ်တိုင်လည်း အဆီကို အတတ်နိုင်ဆုံးရှောင်ကြဉ် စားသောက်နေထိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ခန္ဓာကိုယ် ဖွဲ့စည်းပုံက တစ်ခြားဘောလုံးသမားတွေထက် ပိုပြီးကောင်းမွန် နေခဲ့ပါတယ်။
ဒါကြောင့်လည်း အသက် ၃၆ နှစ်အရွယ်အထိ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်နေတုန်း ဖြစ်ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ နေထိုင်မှုပုံစံက လူငယ် ကစားသမားတွေ အတွက် စံနမူနာပြုစရာတစ်ခု အဖြစ်နဲ့ ရှိနေခဲ့တာပါ ။