Unicode Version
ချန်ပီယံဆု စိတ်ခေါ်ဖို့ အကောင်းဆုံး လမ်းကြောင်း ပေါ်မှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ၂၀၂၁ ခုနှစ် ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် ယနေ့ည 2 နာရီ 30 မိနစ်မှာ အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား သွား မှာ ဖြစ် ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၂ နေရာ နေရာမှာ ရပ်တည် နေ ပြီး ထိပ်ဆုံး က လီဗာပူး နဲ့ ၃ မှတ် အကွာမှာ ရှိနေ ခဲ့ ပါတယ် ။
ယူနိုက်တက် နည်းပြ ဆိုးရှား အနေနဲ့ ဝုဗ် ကို အနိုင် ရတဲ့ ပွဲမှာ အကြိမ် ကြိမ် လက်စွမ်းပြခဲ့ပြီး တစ်ချိန်က ဒေးဗစ် ဒီဂီယာ ဆိုတာ ဒီလိုကွ ဟု ပြောလို့ရ အောင် လက်စွမ်း ပြခဲ့တဲ့ ဒီဂီယာကို ကျိန်းသေး ဆက် အသုံးပြုမယ် ဆိုတာ မြေကြီး လက်ခတ် မလွဲပါပဲ။
နောက်တန်းမှာ 2020 ရဲ့ ပွဲချိန် အများဆုံး ကစားခဲ့တဲ့ ဟယ်ရီ မက်ဂွဲယား ကျိန်းသေ ပါဝင် လာမှာပါ ။ ဗစ်တာ လင်ဒီလော့ဖ် က ဒဏ်ရာ မပျောက် သေးတာကြောင့် အဲရစ် ဘိုင်လီ နဲ့ မက်ဂွဲယား တွဲပြီး ပွဲထုတ် လာဖို့ သေချာ သလောက် ပါပဲ ။ နောက်ခံ အစွန် နေရာတွေ မှာတော့ ဒဏ်ရာပြန်လည် သက်သာ လာတဲ့ ဘစ်ဆာကာ နဲ့ လုခ်ရှော တို့ ကို ထည့် ကစားသွား နိုင်ပါတယ် ။
လက်ရှိ အချိန်မှာ ယူနိုက်တက် ကွင်းလယ်က အကောင်းဆုံး အနေအထားကို ရောက်နေပြီး ဘရူနို ဖာနန်ဒက် ကို အနားပေးဖို့ ဆိုလ်းရှား စဉ်းစားမှာ မဟုတ်ပါဘူး။ ဘရူနိုကို အနည်းငယ် သက်သာ စေပြီး ဗီလာရဲ့ ကွင်းလယ်ကို ခပ်ကြမ်းကြမ်း တုံ့ပြန်ဖို့ ကတော့ လူငယ် နှစ်ယောက်ဖြစ်တဲ့ ဘရာဇီး နဲ့ စကော့တလန် အတွဲလို့ ခေါ်ရမယ့် ဖရက် + တော်မီနေး အတွဲပါပဲ ။
မနှစ် က ရာသီ တုန်းက တန်းမဆင်း ဖို့ ရုန်းကန် ခဲ့ရတဲ့ ဗီလာ ဟာ ဒီရာသီ မှာတော့ ချန်ပီယံ လီဗာပူး ကို 7-2 နဲ့ ဂိုးပြတ် အနိုင် ရထားခဲ့ကာ 2020 အတွင်း အကောင်းဆုံး ပုံစံ ရရှိထား သလို လက်ရှိ မှာလည်း အဆင့် ၅ မှာ ရပ်တည်လို့ နေခဲ့ ပါတယ် ။
ယူနိုက်တက် အနေနဲ့ ၄-၄-၂ စိန်ပွင့် နဲ့ ကစားရင်တော့ ပေါ့ဘာ ပါလာ နိုင်ပြီး ပေါ့ဘာ + ဘရူနို + ဖရက် + တော်မီနေး တို့ရဲ့ ကွင်းလယ်နဲ့ ဗီလာ က မမောတန်း ကစားနိုင်တဲ့ ဂရီလစ်ရှ် + မက်ဂင်း တို့ရဲ့ ကွင်းလယ် ပြိုင်ဆိုင်မှုက အရမ်းမြိုင်နေမှာပဲ ဖြစ်ပြီး စောင့်ကြည့် အားပေးသင့်တဲ့ ပွဲ တစ်ပွဲပါ။
မန်ယူ ရှေ့တန်း မှာတော့ မာရှယ် နဲ့ ရက်ဖိုဒ့် ပါဝင်လာ နိုင်ပြီး ၄-၃-၃ ကစားမယ် ဆိုရင် ဂရင်းဝုဒ် က သေချာပေါက် ပါလာမှာ ဖြစ်ပေမယ့် ပေါ့ဘာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကာဗာနီ ကလဲ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင် နိုင်မှာ မဟုတ်ပါဘူး။ အသင်းနဲ့ အထိုင်ကျပြီး ခြေစွမ်းပြ နေတဲ့ တိုက်စစ်မှူး အတွက် မမျှတတဲ့ ပြစ်ဒဏ် တစ်ခုပါ။
ဒီပွဲဟာ နှစ်သင်းလုံး မီးကုန် ယမ်းကုန် ဆော့မည့် ပွဲဖြစ်ပြီး နည်းပြ ဆိုလ်းရှားက တိုက်စစ် ရော ခံစစ်ရော မျှတအောင် ထွက်လာဖို့ရှိတယ်။ ယူနိုက်တက် ကလဲ အနိုင်သုံးမှတ် ရဖို့ ဖွင့်တိုက်မှာ ဖြစ်ပြီး ခံစစ်ကိုလဲ ကူနိုင်ဖို့ အဖျက်ရော တိုက်စစ်ပါ ရတဲ့ တော်မီနေး ကတော့ သေချာ ပါဝင် လာမှာပါ။ ၄-၄-၂ ကစားကွက် က အသင့်တော်ဆုံး ဖြစ်နေ ပေမယ့် ဆိုးရှားက ၄-၃-၃ ကိုပဲ ပိုအားသန်တာ တွေ့ရ ပါတယ် ။ အကယ်၍ ၄-၃-၃ ထွက်လာခဲ့ ရင် လူငယ် ကစားသမား ဂရင်းဝုဒ် ရဲ့ ကစားအားကို သုံးပြီး ညာတောင်ပံမှာ ရုန်းခိုင်း မည်လား ၊ ဝါနဲ့ စကေး ကိုအားပြုတဲ့ ဝါရင့် မာတာ ကိုပဲ ပွဲထွက် စေမည်လား စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
လီဗာပူး နဲ့ အမှတ် ကွာဟမှု ကို မဆုံးရှုံး အောင် မန်ယူနိုက်တက် တို့ အနိုင်ထက် အပိုင်ကို ဦးစားပေး လာမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ မှာ ဘန်လေ နဲ့ ပွဲကျန် ကို ကစားရ ပါမယ် ။ ဗီလာ နဲ့ ဘန်လေ တို့ကို ဆက်တိုက် နိုင်လိုက်မယ် လီဗာပူး နဲ့ အမှတ်တူ ဖြစ်ပြီး အချိုပေါ် သကာလောင်း သလို အပြောင်း အရွေ့မှာ လူအင်အား ဖြည့်တင်းပြီး ချန်ပီယံဆုကို စိန်ခေါ်လာမှာပါ။