Unicode Version
အသက် (၇)နှစ် အရွယ်မှာ ပင် လေယာဉ် မောင်းတတ် နေလို့ သတင်း မီဒီယာ တွေနဲ့ ဒေသခံတွေက ကပ္ပတိန်လို့ အခေါ်ခံ နေရတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူ့အမည် ကတော့ Graham Shema ဖြစ်ပါတယ်။ သူ့ကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်ကတော့ ကပ္ပတိန် ဂရေဟမ်ပါ။ သူဟာ ငယ်ငယ် ရွယ်ရွယ် မှာပဲ လေကြောင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေမှာ ပါရမီ ထူးခဲ့ပါတယ်။
အခုဆိုရင် သူဟာ ပြည်တွင်း ရုပ်သံ အစီအစဉ်တွေမှာ ရေပန်းစား ခံနေရပြီး၊ ဂျာမန် သံအမတ်ကြီးကပါ တွေ့ဆုံဖို့ ဖိတ်ခေါ် တာမျိုးတွေ၊ ယူဂန်ဒါ ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီး ကပါ ဖိတ်ခေါ်တာ မျိုးတွေ ရှိလာခဲ့ ပါတယ်။ Shema ဟာ ယူဂန်ဒါရဲ့ ထွန်းတောက် လာမယ့် ကြယ်တစ်ပွင့် ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် Cessna 172 လေယာဉ်ကို (၃)ကြိမ် အထိ မောင်းခွင့် ရထား ပြီးပါပြီ။
Cessna 172 လေယာဉ် ဆိုတာ အင်ဂျင် တစ်လုံးတပ်၊ လေဦးဆန့် အပေါ့စား လေယာဉ်ငယ် မျိုး ဖြစ်ပြီး၊ သာမန် အားဖြင့်တော့ လေယာဉ် တစ်စီးကို ထိန်းချုပ် မောင်းနှင် ဖို့ဆိုတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ Shema ကတော့ အခုမှ လေယာဉ် ထိန်းချုပ်ခန်း ကို စဝင်ရတာ ဆိုပေမယ့် ပျံသန်းမှု စကေးအပိုင်း မှာ အံ့သြဖို့
ကောင်းလောက်အောင် တော်တယ်လို့ ဆိုပါတယ်။
Shema ဟာ အသက်ငယ် သေးပေမယ့် ရည်မှန်းချက် ကြီးမားစွာ ထားရှိ သူပါ။ သူဟာ နောင်တစ်ချိန်မှာ အာကာသ ယာဉ်မှူး တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ဘဝ အတွက် စံပြပုဂ္ဂိုလ် ကတော့ Elon Musk ပါတဲ့။ Elon Musk ကို ဘာလို့ အားကျတာလဲ ဆိုတော့ သူ့ဆီကနေ အာကာသနဲ့ ပတ်သက်တဲ့ အကြောင်းတွေ သင်ယူ ချင်လို့ ပါလို့ ပြောပါတယ်။
Elon Musk နဲ့ အတူ အာကာသ ကိုလည်း သွားလိုပြီး၊ သူနဲ့ လက်ဆွဲ နှုတ်ဆက် နိုင်ရေးဟာ သူရဲ့ အိပ်မက်ပါလို့ ပြောပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကလည်း Shema ကို Entebbe International Airport မှ သူရဲ့သင်တန်း နည်းပြက CRJ9000 လေယာဉ်ရဲ့ အလုပ် လုပ်ပုံကို မေးမြန်း ခဲ့ရာ၊ သူက ချက်ကျ လက်ကျ ရှင်းပြ နိုင်ခဲ့ပါတယ်။
Shema ဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ အလွန် ထက်မြတ်သူ ဖြစ်ပါတယ်။ သူ့ကို ဒီထက် ပိုကောင်းတဲ့ မြေတောင် မြှောက်ပင့်မှုမျိုး လိုအပ်နေပြီး ယူဂန်ဒါ တာဝန် ရှိသူတွေ ကလည်း ကလေးရဲ့ အခြေအနေကို အနီးကပ် လေ့လာကာ သင့်ရာ အပ်ပို့ဖို့ စဉ်းစား နေကြတယ်လို့ သိရပါတယ်။ Shema အနေနဲ့ သူ့အိပ်မက် ထဲက အတိုင်း SpaceX တည်ထောင်သူ Musk နဲ့ တွေ့ခွင့်ရမလား ဆိုတာ ကတော့ သူ့ကံကြမ္မာပေါ် မူတည်နေပါတယ်။